ဒံပေါက်

ဒံပေါက် ချက်နည်း ကို မနုသွဲ့ ဘလော့မှာ ရှာတွေ့ပြီး ချက်ကြည့်ဖြစ်တာပါ။
ရှင်မင်းတော့ Tesco က Shan တံဆိပ် Bombay Biryani ကိုဝယ်ပါတယ်။
ကုလားဆိုင်တွေမှာလဲ ၀ယ်ယူနိုင်ပါတယ်။ Biryani mix ဆိုပြီးမေးလိုက်ရင်
ရပါတယ်။

Shan တံဆိပ်က သာမာန်ထက်ပိုစပ်လို့ အစပ်မကြိုက်သူများ မဆလာလျော့ထည့်
ရပါမယ်။ ဒံပေါက်ချက်မယ်ဆိုရင် Basmati ဆန်နဲ့ ဆို ပိုအဆင်ပြေပါတယ်။ ရှင်မင်း
ကတော့ ယိုးဒယားဆန်နဲ့ ချက်ပါတယ်။ Basmati ဆန်လောက်အမြင်မလှပါဘူး။
ချက်ချိန်ကတော့ Basmati ထက် ပိုမြန်ပါတယ်။

ဒံပေါက်ချက်မယ်ဆိုလျှင် ချက်မယ့် အသား ကြက်သား (သို့) တခြားအသားကိုမနက်
စောစောတည်းက ထုတ်ထားပြီး၊ ၄နာရီခန့် ဒန်ပေါက်မဆလာ ၊ ဒိန်ချဉ်တိုဖြင့်နယ်ထား
ပါတယ်။ ရှင်မင်းက သက်သတ်လွတ် လဲ ညီမလေးကို ချက်ပေးတာမို့၊ သက်သတ်လွတ်
အတွက် အားလူးကိုပါ အသားနယ်သလို၊ မဆလာ ၊ ဒိန်ချဉ်တိုဖြင့်နယ်ထားပါတယ်။

ဒံပေါက် အတွက်လိုအပ်တာတွေကတော့

ဒံပေါက်မဆလာ တဘူး
ကြက်သွန်နီ ၅ မှ ၈ လုံးထိ
ကြက်သားပေါင်သား (သို့) မိမိနှစ်သက်ရာအသားတမျိုး
ဒိန်ချဉ်
စပျစ်သီးခြောက်
ပဲလုံးအစိမ်း
မုန်လာဥနီ (ခါကြက်ဥ)
သီဟိုဋ်စေ့
သံပုရာသီးအစိမ်းသနပ် ဒါမှမဟုတ် သနပ်တမျိုးမျိုး

တို့ပါပဲ။

ဒံပေါက်ချက်မယ့်ဆန်ကို ရေဆေးပါတယ်။ ရေအနည်းငယ်လျော့ထည့်ပြီး၊ rice cooker
နဲ့ချက်ပါတယ်။ ဆန် ကိုတမင် ရေအနည်းငယ်သာထည့်ပြီး ခပ်မာမာလေးချက်တာပါ။
ရလောက်ပြီဆိုလျှင် ဒံပေါက်မဆလာ အနည်းငယ်ထည့်ပါတယ်။

ကြက်သွန်နီ ပါးပါးလှီးထားတာကို ရွှေဝါရောင်သန်းလာတဲ့အထိ ဖြည်းဖြည်းကြော်ပါတယ်။
ကြက်သွန်နီ အနံ့မွှေးပြီး ကျက်လာလျှင် ၊ ခရမ်းချဉ်သီး ၂လုံးခန့် စိပ်ထားတာကိုထည့်ပါ
တယ်။ ဒံပေါက် မဆလာ ထည့်ပါတယ်။ ပဲစိမ်း၊ မုန်လာဥနီ စတဲ့ အသီးအနှံတွေထည့်ပါတယ်။
ကြက်သားထည့်ပါတယ်။ ကြက်သားအနံ့ သင်းပြီး ကျက်လာတဲအထိ ချက်ပါတယ်။ ကြက်သား
နဲ့ အတူ ရေအနည်းငယ်ထည့်ပြီး ချက်ပေးပါတယ်။

ရှင်မင်းမှာတော slow cooker မရှိလို့၊ oven ထဲထည့်ပါတယ်။ oven ထည့်လို့ရတဲ့ tray
တခုခုမှ စောစောက ခပ်မာမာလေးချက်ထားတဲ့ ထမင်းတထပ်ခင်းပါတယ်။ ကြက်သားဟင်း
တထပ်ခင်းပါတယ်။ အပေါ်ကထမင်းထပ်ခင်းပါတယ်။ နောက်ကြက်သား ခင်းပါတယ်၊ အပေါ်
ကနေ စပျစ်သီးခြောက် ၊ သီဟိုဋ်စေ့ အနည်းငယ်ထည့်ပြီး oven အပူချိန် ၁၅၀ လောက်နဲ့
မိနစ် ၅၀ ခန့် ထားပါတယ်။ tray ပေါ်ကို kitchen foil (aluminium foil) နဲ့အုပ်ပါတယ်။
ကျန်တဲ့ အချိန်တွေမှာလဲ oven အပူရှိန်နဲ့ ဆက်ထားပါတယ်။၁နာရီခန့် ကြာရင်တော့ အနံ့အရသာ
ရှိတဲ့ အိမ်ချက် ဒံပေါက်လေးရပါပြီ။

ဒံပေါက်နဲ့ လိုက်ဖက်တဲ့ သံပုရာသီးသနပ်ချိုချဉ်လေးကိုတော့ ဈေးသွားရင် ၀ယ်ထားဖြစ်ပါတယ်။
အအီပြေတာပေါ့။

ဒံပေါက်ချက်နည်း မျှဝေပေးထားတဲ့ မနုသွဲ့ ကို ဒီနေရာကနေကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။
slow cooker နဲ့ချက်နည်း ကို မနုသွဲ့ဆီမှာသွားရောက့် လေ့လာနိုင်ပါတယ်ရှင်။

 
 

7 comments:

subuueain said...

ချက်စားကြည့်ဦးမယ် တခါမှ ကိုယ့် ဘာသာမချက်ဖူးဘူး

မင်းညို said...

ကျွန်တော့် ချက်တဲ့ ဒံပေါက်တော့ အိန္ဒ္ဒိယသားနှစ်ယောက်က ကောင်းတယ်ပြောတာပဲ..။ (အလကားစားရလို့လားမသိ...။) ကျွန်တော်ချက်တာ မြန်လွန်းတယ်ဆိုပဲ..။ ရေပွက်ပွက်ဆူနေတဲ့ အိုးထဲ ဆန်ထည့် မွှေပေး..။ ဇွန်းနဲ့ ဆယ်စားကြည့် မနပ်တနပ် မာတာတာ အနေအထားမှာ စကာထဲလောင်းထည့်.ရေစစ်.။(အဲဒါ ဆန်တွေကို အချင်းချင်း စေးကပ်မသွားစေဘူး ၁၀ မိနစ် ၁၅ မိနစ်ဆိုရပြီ) ဒံပေါက်မဆလာ ဘာညာသာရကာနဲ့ အသင့် နယ်ချက်ထားတဲ့ ကြက်သားချက်ကို တ၀က်ခွဲပြီး မဆလာနယ်ထားတဲ့ ထမင်းတလွှာကြက်တလွှာထည့်ပြီး မီးနည်းနည်း နဲ့ မိနစ် ၃၀ လောက် ထားလိုက်တယ်။ ကျန်တဲ့တ၀က်က ပန်ကန်နဲ့ တည်စားပေါ့ဗျာ..။
ကုလားလေးတွေ အကြံပေးတာကတော့ ထောပတ်အပြားလေးတွေကို ဒံပေါက် အိုးရဲ့ အောက်ဆုံးမှာ တစ်လွှာအနေနဲ့ ထားသင့်တယ်တဲ့..။ သူတို့ကတော့ အားလုံးရောချက်တာပါတဲ့..။(ရောချက်တာတော့ ကျွန်တော်တော့မကြိုက်)...အဟီးမိန်းကလေးတွေကြားထဲဝင် ဆရာလုပ်လိုက်တယ်...Korea ဇာတ်ကား Mr. Housewife ကြည့်ဖူးလား အဲဒါ ကျွန်တော်ပဲ..။

rose of sharon said...

Thanks ရှင်မင်း အမမှာလည်းslow cooker မရှိတော့
oven နဲ့ချက်နည်းသိရတာကျေးဇူးတင်တယ်

Shinmin said...

စုဘူးအိမ်ရေ ချက်စားကြည့်ပါနော် အားပေးတယ်။

ကိုမင်းညိုရှင် အခုလို အကြံဥာဏ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။

Rose of sharon ၊ အစ်မရေ.. ချက်စားဖြစ်ရင်
အကြောင်းပြန်ပါဦးနော်။ :)

စန္ဒကူး said...

ရှင်မင်းရေ.. ကူးကူးလဲတစ်ထုပ်ဝယ်လာတာရှိတယ်.. ကြက်သားကိုမလုပ်တတ်လို့မချက်စားဖြစ်သေးတာ..
ကျေးဇူးး..လုပ်စားအုံးမှ

Unknown said...

စားချင်တယ် ချက်စားအုံးမယ်

Unknown said...

စားချင်တယ် ချက်စားအုံးမယ်